လက်ရှိ အပြောင်းအလဲ ဆိုသည်များနှင့် ပတ်သက်၍ အမြင် – အပိုင်း (၂)
By Unknown-Tuesday, May 15, 2012
RFA - မြန်မာနိုင်ငံရဲ့ ပြဿနာအ၀၀ကို ဖြေရှင်းဆောင်ရွက်ဖို့ဆိုရင် စစ်တပ်အပါအ၀င် သက်ဆိုင်ရာတိုင်းရင်းသားနဲ့ နိုင်ငံရေးအင် အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဆောင်ရွက်မှရမယ်လို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အနောက်တိုင်းနိုင်ငံတွေက တ လျှောက်လုံး ပြောဆိုလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကနေ့မြန်မာပြည်က အခင်းအကျင်းမှာ လွှတ်တော်တွင်း လွှတ်တော်ပလှုပ်ရှားမှု နဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့အချက်ကို ပိုမိုဇောင်းပေးလာတာ တွေ့ရပြန်ပါတယ်။ ဒီကနေ့ မြန်မာ ပြည်က နိုင်ငံရေးအပြောင်းအလဲကို စစ်ခေါင်းဆောင်တွေက ဦးဆောင်ပြီး တရွေ့ရွေ့အသွင်ကူးပြောင်းရေးနည်းနဲ့ လုပ်ဆောင်နေ တာဖြစ်တဲ့အတွက် အားလုံးဆွေးနွေးအဖြေရှာပြီး ဆက်လက်လုပ်ဆောင်ရေးဆိုတဲ့အချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ပြောဆိုယူဆသူ တွေလည်း ရှိလာပါတယ်။ လွှတ်တော်တွင်း တဖြည်းဖြည်းပြုပြင်ပြောင်းလဲရေးကနေ ပိုမိုပွင့်လင်းလာတဲ့အချိန်ရောက်မှ ပြဿနာ တွေကို တစ်ခုချင်းဖြေရှင်းသွားနိုင်မယ်လို့ ယူဆသူတွေလည်းရှိပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းကတော့ အခုလို အကြံပေးပြောဆိုပါတယ်။
ဦးငွေလင်း – အကောင်းဆုံးကတော့ ဒီ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခုကိစ္စတွေကို တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ် နိုင်အောင်၊ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးအစစ်အမှန်ကိုတည်ဆောက်နိုင်အောင် နံပါတ်တစ် ဆောင်ရွက်ကြရလိမ့်မယ်။ နောက် နံပါတ်နှစ်ကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကြီးအတွင်းမှာ အင်အားစုတွေအကုန်လုံး တန်းတူရည်တူ ပါဝင်နိုင်တဲ့အဆင့် အထိ အဲဒီအခင်းအကျင်းတစ်ခုကို ဖန်တီးသင့်တယ်။ ပြီးပြီဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာတွေအကုန်လုံးကို ဖြေရှင်းဖို့ရာ အတွက် အင်းအားစုတွေအားလုံးပါဝင်တဲ့ တန်းတူရည်တူဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်း အဲဒီဥစ္စာဖြစ်ဖို့လိုတယ်။ အဲဒီလိုအနေအထားတွေကမှ ကျနော်တို့ ညှိနှိုင်းရရှိချက်တွေအရ မြန်မာပြည်ရဲ့ကံကြမ္မာတွေကို တစ်ခုပြီးတစ်ခုသွားသင့်တယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အားလုံးလွှတ်တော်ထဲကိုဝင် လွှတ်တော်ထဲကိုပဲသွား ၂၀၀၈ အခြေခံဥပဒေကို မထိနဲ့ဆိုတာမျိုးဆိုလို့ရှိရင်တော့ သိပ်ကိုအခက်အခဲကြီးတယ်။ အဲဒီအတိုင်းဆိုရင် အဖြေအထိမရောက်ဘဲနဲ့ ကြားထဲမှာ နောက် ကြောင်းပြန်တာပဲဖြစ်ဖြစ် ပြန်လျှော ကျသွားတာပဲဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်လို့ ကျနော်တို့မြင်တယ်။
RFA - လောလောဆယ်အနေအထားမှာ ဒီမိုကရေစီအင်အားစုတွေအကြားမှာတင် ချဉ်းကပ်တဲ့ပုံစံမတူတဲ့အတွက် ကွဲလွဲမှုတွေရှိ လာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲဝင်သွားပေမယ့် အရင် CRPP အဖွဲ့ဝင် အင်အားစုတွေဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ကရက် စတဲ့အဖွဲ့ တွေကတော့ လွှတ်တော်ပြင်ပမှာ ကျန်ခဲ့ပြန်ပါတယ်။ လောလောဆယ် အတိုက်အခံအင်အားစုတွေအကြား စုစည်းမှုပုံသဏ္ဌာန်ပါ ပြောင်းလဲလာတာတွေ့ရပါတယ်။ အားလုံးစုပေါင်းဖြေရှင်းရေး ဆိုတာကိုမရောက်ခင် အတိုက်အခံအင်အားစုတွေအကြား အားလုံးစု ပေါင်းလုပ်ဆောင်နိုင်ဖို့လိုတယ်လို့ ယူဆသူတွေလည်းရှိပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးငွေလင်းက အခုလိုပြောကြား ပါတယ်။
ဦးငွေလင်း – အထဲထဲမှာ ကျနော်တို့ ၈၉-၉၀ လောက်မှာကတည်းကိုက တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစု တွေစုစည်းမှု ရှိခဲ့ဖူးတယ်။ နောက်ပြီးတော့ ဒီဖက် CRPP ခေတ်ကိုရောက်တဲ့အချိန်ကျတော့လည်း ရွေးကောက်ပွဲနိုင်ထားတဲ့ ဒီ ၉၀ ရလဒ်ပိုင်ရှင် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေ စုစည်းမှုတွေ ရှိခဲ့ဖူးတယ်။ ဆိုတော့ အခုအခြေအနေမှာ ကျနော်တို့ရဲ့ အင်အားတွေ တညီတညွတ်တည်းရှိအောင် အနှစ်သာရအရ အားလုံးရဲ့စုစည်းပါဝင်နိုင်တဲ့ စုစည်းမှုမျိုး ဆောင်ရွက်သင့်တယ်။ အဲဒီလို ဆောင်ရွက်နိုင်ရေးအတွက်ဆိုရင် အဓိကအားဖြင့် NLD က ကမကထ ပိုပြီးပြုသင့်တယ်လို့ ကျနော်တော့ အဲဒီလိုအကြံပေးချင်ပါ တယ်။
RFA - တကယ်လို့ အတိုက်အခံအင်အားစုတွေဖက်က တလျောက်လုံးတောင်းဆိုနေတဲ့ အားလုံးပါဝင်ဆွေးနွေးအဖြေရှာရေးဆိုတာ ဖြစ်မလာဘူးဆိုရင်ရော ဘာတွေဆက်လက် လုပ်ဆောင်နိုင်မှာလဲ။ ဒီမေးခွန်းကိုတော့ ဦးငွေလင်းက အခုလိုဖြေပါတယ်။
ဦးငွေလင်း – NLD မှာ ရည်မှန်းချက် (၃) ခု ရှိတယ်ဗျာ။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေပြင် ဆင်ရေး။ အဲဒီ (၃) ချက်ကို ထမြောက်အောင် NLD ဘယ်လိုလုပ်မလဲပေါ့ဗျာ။ လုပ်နိုင်တဲ့နည်းက (၂) နည်းပဲရှိတယ်။ တစ်နည်းက လွှတ်တော်တွင်းနည်း။ နောက်တစ်နည်းက လွှတ်တော်ပမှာရှိတဲ့ လူထုတွေအားလုံးပါဝင်တဲ့နည်း။ အဲဒီ (၂) နည်းစလုံးကို NLD အသုံးပြုရလိမ့်မယ်လို့ ကျနော်တို့ထင်တယ်။ အဲဒီ (၂) နည်းစလုံးကို မစဉ်းစားဘူးဆိုလို့ရှိရင် တစ်နည်းမဟုတ်တစ်နည်း လွဲချော်လိမ့် မယ်။ သို့မဟုတ် မပြည့်စုံဘူးလို့ ကျနော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ NLD ပဲဖြစ်စေ၊ တခြားရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲ ရောက်နေတဲ့ အခြားပါတီများဖြစ်စေ ဘယ်သူမဆို ဒီ လွှတ်တော်တွင်း လွှတ်တော်ပနည်းတွေနဲ့ အင်အားစုတွေအားလုံးပါဝင်တဲ့ ပြု ပြင်ပြောင်းလဲမှုအဆင့်ဆီကို ဘယ်လိုတွန်းမလဲ၊ ဘယ်လိုရွေ့အောင် ရွှေ့မလဲဆိုတဲ့ကိစ္စက သူတို့ရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုလို့ ပဲ ကျနော်ထင်တယ်။ အဲဒီအတိုင်းဆောင်ရွက်ရလိမ့်မယ်လို့လည်း အားလုံးကို ကျနော်ပန်ကြားချင်တယ်။
RFA – ဒီကနေ့ လွှတ်တော်တွင်းဝင်၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြောင်းလဲယူပြီး ဒီမိုကရေစီထွန်းကားလာအောင် လုပ်ဆိုတဲ့ မဟာဗျူဟာမျိုး ပြောဆိုဆွေးနွေးတာရှိသလို။ လွှတ်တော်ထဲဝင်တာလည်းဝင်၊ ပြင်ပက လုပ်တာလည်းလုပ်ပြီး အားလုံး စုပေါင်းဆွေးနွေးအဖြေရှာရေးကို ဦးတည်ရမယ်ဆိုတဲ့ မဟာဗျူဟာကို ပြောဆိုတာလည်း တွေ့ရပါတယ်။ ဒီတော့ ဒီမိုကရေစီအင် အားစုတွေဖက်က ချဉ်းကပ်လုပ်ဆောင်မယ့် မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေတူညီလာရေးကို ဘယ်လိုလုပ်ဆောင်လာမလဲဆိုတာကို တော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။




0 comments for "လက်ရှိ အပြောင်းအလဲ ဆိုသည်များနှင့် ပတ်သက်၍ အမြင် – အပိုင်း (၂)"