Latest News

အနာဂတ် ကျောင်းသားနှင့် လူငယ်များ အတွက်

By Unknown-Sunday, May 20, 2012

Facebook ပေါ်တွင် အသက် နှစ်ဆယ်ကျော် မြန် မာလူငယ်တယောက်က “သူက ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်သလို၊ သူများတွေ ဒုက္ခရောက်နေတာလည်း လျစ်လျူရှုသူ၊ ကောင်းတာ ဆိုးတာမဟုတ်ဘဲ၊ အလယ်လမ်းစဉ်ကို လိုက်သူ” ဟု ရေးထားတာ ဖတ်လိုက်ရတော့၊ သူ့လို မြန်မာလူငယ် ဘယ်နှစ်ယောက်ရှိမလဲဟု စိုးရိမ်မိသည်။ သူများဒုက္ခရောက်နေတာကို (ကိုယ်က ဘာမှထွေထွေထူးထူး မလုပ်နိုင်ဖူးဆိုပြီးပဲ ဖြစ်ဖြစ်) လျစ်လျူရှုတာ၊ ဂရုမစိုက်တာ၊ အနည်းဆုံး စိတ်ထဲက မသနားတောင်၊ ကိုယ်တတ်နိုင်သလောက်လည်း လုပ်ပေးလိုက်မယ်ဆိုပြီး မရှိတာဟာ အဆိုးဆုံးပဲဟု ကျမက သူ့ကို ပြန်ပြောခဲ့သည်။

စာနာ သနားတတ်ခြင်း
ထမင်းတနပ်စားရဖို့ တချို့တွေ ဘယ်လိုရုန်းကန်ရလဲဆိုတဲ့အကြောင်းတွေ သိနိုင်ဖို့၊ သူတို့ ဘ၀ ဘယ်လောက်ကံကောင်းလဲဆိုတာ သိနိုင်ဖို့၊ ကိုယ့်ထက် နိမ့်ကျသူတွေအပေါ် စာနာသနားတတ်ပြီး၊ လူသားဆန်လာဖို့၊ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဖွံ့ဖြိုးဆဲရွာလေးတွေမှာသွားပြီး ကျောင်းဆောက်၊ ကလေးတွေကို အင်္ဂလိပ်စာ၊ ကွန်ပြူတာ စတာတွေ သင်ပေးတဲ့ Service learning ဟုခေါ်သော အစီအစဉ်မျိုးတွေ လူငယ်တွေအတွက် စင်္ကာပူက ပေါ်လီတက္ကနစ်တွေမှာ လုပ်ပေးသည်။

ထိုခရီးစဉ်မျိုးတွင် လူငယ်အမျိုးမျိုး ရှိတတ်သည်။ တချို့ကခရီးသွားချင်တာ သက်သက်နှင့် လိုက်ပါပြီး၊ ရွာတွေမှာ iphone, mp3 player တွေ ထုတ်သုံးတာမျိုး၊ ခရီးစဉ်တစ်ပတ်ကို သေတ္တာအကြီးကြီးတွေနှင့် အ၀တ်အစားတွေ အများအပြား သယ်လာတာမျိုး၊ ကိုယ့်ကြောင့် ရွာသားတွေက ပိုတာဝန်ကြီးသွားတဲ့ လုပ်ရပ်မျိုး လုပ်ကြသော တာဝန်မသိ လူငယ်တွေ အများကြီး ရှိတတ်သည်။

အများအားဖြင့်တော့ ထိုခရီးစဉ်မျိုးတွေက ပေါ်လီတက္ကနစ်က လူငယ်တွေအတွက် အကျိုးရှိစေသည်။ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ဘ၀လေးထဲမှာပဲ မနစ်မြုပ်နေတော့။ သူတို့ အလွယ်တကူ ပိုင်ဆိုင်ထားတဲ့အရာတွေဟာ တချို့နေရာတွေမှာ ဘယ်လောက်ရှားပါးလဲဆိုတာ သိသွားကြသည်။ ဥပမာ တစ်လီတာဝင် ရေသန့်ဗူး သုံးဗူးလောက်နှင့် ရေချိုးခဲ့ရပြီး၊ ရေတန်ဖိုးကို သူတို့ နားလည်သွားတတ်ကြသည်။

ခုခေတ် မြန်မာလူငယ်တွေ အင်တာနက်ကို ပိုသုံးလာကြသည်။ မိုဘိုင်းဖုန်း ကိုယ်စီ ကိုင်နိုင်လာကြသည်။ စက်မှုနည်းပညာ မြန်မာနိုင်ငံတွင် ထွန်းကားလာသည်။ သို့သော် ထိုတိုးတက်ခြင်းများသာမက၊ ယခုအချိန်ထိ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်နေသေးသော မြန်မာတစ်နိုင်ငံလုံး တိုးတက်အောင်၊ မြန်မာလူငယ်တို့ လူသားချင်း စာနာသနားတတ်သောစိတ် ရှိဖို့က ပိုအရေးကြီးနေသည်။

မြန်မာနိုင်ငံတွင် လူငယ်ပရဟိတအဖွဲ့တွေ များပြားလာတာအတွက် ၀မ်းသာမိသည်။ သူတို့လို လူငယ်တွေ လိုအပ်သည်။ တကယ်တော့ ပရဟိတအဖွဲ့ထဲဝင်မှ၊ ပရဟိတ လုပ်ငန်းမျိုး လုပ်နိုင်တာ မဟုတ်။ နေ့တဒူဝ မြင်တွေ့နေသော ပတ်ဝန်းကျင်မှာလည်း ကိုယ်တတ်နိုင်သလောက်လေး အမြဲလုပ်နိုင်သည်။ ကိုယ်ထိလက်ရောက် မကူညီနိုင်တောင်၊ စိတ်ထဲမှာ စာနာသနားစိတ် ရှိဖို့က ပထမအဆင့်ဖြစ်သည်။ အမြဲမြင်တွေ့ နေရတာပဲဆိုပြီး၊ ဘာသိဘာသာ လျစ်လျူရှုတာမျိုး မဖြစ်ဖို့ အရေးကြီးသည်။

ရိုသေထိုက်သူကို ရိုသေတတ်ခြင်း
"ခုခေတ် ကလေးတွေကလေ မင်းတို့တုန်းကနဲ့ လုံးဝမတူတော့ဖူး ။ ဆရာကို ဆရာလို ရိုသေရမှန်းမသိ ။ ဂလန်ဂဆန် သိပ်လုပ်ကြတယ် ။ ဆရာ ဆရာမတွေကို နည်းပေးလမ်းပြ ညွှန်ကြားပေးသူတွေအစား ၊ သူတို့ ကျောင်းလခပေးထားလို့ အလုပ်ရနေသူတွေလို ဆက်ဆံတတ်ကြတယ် ။ အထူးသဖြင့် မိဘတွေက ပိုဆိုးသေး ။ သူတို့ကလေးမှားမှန်းသိတာတောင် ငါ့ကလေးကို သည်းခံပေးပါတို့ ၊ ငါတို့လည်း ငါတို့ကလေးကို ထိန်းမရလို့ မင်းထိန်းပေးပါတို့ လုပ်ကြသေးတယ်။

မင်းတို့ခေတ်တုန်းက ကျောင်းသားတွေနဲ့များ သိပ်ကွာတာပဲ ။ ဟိုတလောက မင်းတို့ရဲ့ စီနီယာ ကျောင်းသားဟောင်းတွေ ကျောင်းမှာ ဆရာကန်တော့ပွဲလုပ်တော့ ၊ စကားပြောတာတောင် ဆရာတွေဘေးမှာ ဒူးလေးထောက်ပြီး ပြောကြတယ် ။ မတ်တပ်ရပ်ပြီး ဆရာတွေကို အပေါ်စီးကနေ ကြည့် မပြောချင်ကြလို့ ။ အဲဒီကျောင်းသားတွေက တကယ့် လစာကောင်းတဲ့အလုပ်တွေ လုပ်နေကြတာအပြင် ၊ တချို့ ဆို အနောက်နိုင်ငံတွေကနေတောင် တကူးတကပြန်လာပြီး ဆရာကန်တော့ပွဲကို တက်ကြတာ ။ ငါဆို သူတို့ ဆက်ဆံပုံကိုကြည့်ပြီး ဘေးနားက ၀မ်းသာပီတိ မျက်ရည်ဝဲရတယ် ။"

စင်္ကာပူနိုင်ငံကို အသက် ၁၂ နှစ်အရွယ်တည်းက မိဘများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ စင်္ကာပူနိုင်ငံ၏ အလယ်တန်းအဆင့် (Secondary 1) မှ ကျမ ကျောင်းစတက်ခဲ့သည်။ ကျမ၏ အထက်တန်းနှစ်နှစ်လုံးတွင် (Secondary 3 & 4) အတန်းပိုင်ဖြစ်ခဲ့သော ဆရာ၏ ဇနီးက အထက်ပါအတိုင်း စီကာပတ်ကုံး ကျမကို ပြောခဲ့တာ အမှတ်တရ ရှိနေမိသည်။

တကယ်တော့ စင်္ကာပူနိုင်ငံသည် အာရှနိုင်ငံဖြစ်သည့်အလျောက် ဆရာကို ရိုသေရမည်ဆိုသော ထုံးတမ်းစဉ်လာ ရှိသည်။ ကျမထက်ကြီးသော လုပ်ဖော်ကိုင်ဖက်များနှင့် ကျမတို့ ခေတ်တုန်းက ဆရာနှင့်ကျောင်းသား ဆက်ဆံရေးမှာ ယခုကဲ့သို့ မဟုတ်ခဲ့။ ဆရာပြောသမျှကို လိုက်နာခဲ့ရပြီး၊ ဆရာတွေက စာသင်ကြားရေးပိုင်းမှာ လုပ်ပိုင်ခွင့်အပြည့် ရှိခဲ့သည်။ ကျောင်းသားက ဆရာဆူတာ ခံရလျှင်၊ သူ့စိတ်ထဲ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ဘာမှစောဒက မတက်ရဲခဲ့။

အခုအခါမှာတော့ ကျမအတန်းပိုင်ဆရာ၏ ဇနီးပြောသလို ခေတ်တွေက ပြောင်းသွားသည်။ အနောက်နိုင်ငံတွေက ပညာရေးလို ကျောင်းသားတယောက် အတန်းထဲမှာ ပြောပိုင်ခွင့်၊ မေးခွန်းထုတ်ပိုင်ခွင့်တို့ဆိုတာ ရှိလာသည်။ သို့သော် ထိုလုပ်ပိုင်ခွင့်များကို တချို့လူငယ်တွေက တလွဲမြင်ပြီး အလွဲသုံးစားလုပ်တတ်ကြသည်။ အတန်းထဲတွင် ကျောင်းသားနှင့် ဆရာ အပြန်အလှန် လေးစားရမယ့် (mutual respect) အစား၊ ဆရာပြောသမျှကို ငါ့မှာပြောပိုင်ခွင့်ရှိတယ်ဆိုပြီး ဆန့်ကျင်လာသည်။ ဆရာနှင့် အပြန်အလှန် ဆွေးနွေးတာထက်၊ ဆရာကို တတ်မတတ် ပညာစမ်းချင်တာနဲ့ပဲ၊ ဆရာကို ပြန်မေးခွန်းထုတ်တာမျိုး လုပ်တတ်ကြသည်။ မြန်မာလူငယ်တို့ ထိုသို့မဖြစ်အောင် သင်ခန်းစာယူစေချင်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကျောင်းတွေများလာသည်။ ဆရာအများစု စိတ်ဓါတ်တွေက စားဝတ်နေရေးကို အကြောင်းပြပြီး ချွတ်ချုံကျလာသည်။ တတ်နိုင်သော မြန်မာလူငယ်တို့အတွက် ပညာရေးသည် ဈေးကွက်တခုသာသာ ဖြစ်လာနိုင်သည်။ ထိုအခါ မြန်မာလူငယ်တို့ ဆရာကောင်းတွေကို ခွဲခြားမြင်တတ်ဖို့၊ ဆရာဆိုတာ ပညာရေးဝန်ဆောင်မှု ပေးသူလောက်သာ၊ ငါတို့ ပိုက်ဆံပေး ကျောင်းတက်နေလို့ သူအလုပ်ရနေတာဟု မမြင်မိဖို့ အရေးကြီးသည်။

 ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံကို တန်ဖိုးထားခြင်း
အင်္ဂလန်နှင့် ကနေဒါနိုင်ငံတို့တွင် ကောလိပ်နှင့် တက္ကသိုလ်အတွက် ကျမကျောင်းတက်ခဲ့ဖူးသည်။ ကျမ၏ ကျောင်းနေဖက်သူငယ်ချင်းများက ဆရာများကို နာမည်တပ်ခေါ်တာရှိသလို၊ ဆရာတွေနှင့် ဆက်ဆံတဲ့အခါ သူငယ်ချင်းတွေနှင့်လို ပြုမူ ဆက်ဆံကြသည်။ ကျမကတော့ ဆရာတယောက်ကို အနည်းဆုံး Ms/Mr/Dr./Prof စသဖြင့် ထည့်ခေါ်လေ့ ရှိသည်။ ဒါက သူ့ကို လေးစားသမှုပြတာဟုလည်း ယုံကြည်သည်။ ဘယ်တော့မှ နာမည် (first name) ပဲ မခေါ်။ ကျမသူငယ်ချင်းတွေက အနောက်တိုင်းသားတွေမို့ လုပ်ချင်လုပ်မည်။ သို့သော် အာရှယဉ်ကျေးမှုဓလေ့ထုံးစံအရ ကျမ မလုပ်နိုင်။
နှစ်ပေါင်းများစွာ မြန်မာပြည်နှင့် ကင်းကွာခဲ့ရသောကြောင့်၊ ကျမနေခဲ့သော ပတ်ဝန်းကျင်များက ကျမ အတွေးအခေါ်များ၊ အနေအထိုင်များအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးမှု ရှိသည်။ 
သို့သော် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကိုတော့ ကျမ အလေးထားမြဲ ဖြစ်သည်။ လေးစားထိုက်သူ၊ ရိုသေထိုက်သူ၊ အထူးသဖြင့် လူကြီးသူမ ဆရာသမားကို ရိုသေတတ်သောစိတ် မြန်မာလူငယ်တိုင်းတွင် ကိန်းအောင်နေစေချင်သည်။

 “မြန်မာလူမျိုးတွေ တစ်ခါတစ်လေမှာ တစ်လွဲဆံပင်ကောင်းကြတယ်လို့ ခံစားရတယ်။ အနောက်တိုင်းရဲ့ အ၀တ်အစား၊ အပြောအဆို၊ အနေအထိုင်တွေကို အတုယူမယ့်အစား ပြည့်ဝတဲ့စိတ်ထား၊ ကြိုးစားအားထုတ်တတ်မှု၊ စည်းကမ်းရှိမှု တို့ကို မြန်မာလူငယ်တွေ အတုယူမယ်ဆိုရင် ဒီထက်အလားအလာကောင်းတဲ့ အနာဂတ်ကိုမြင်ရမယ်” ဟု မြန်မာကျောင်းသူတဦးက ကျမကို ပြောဖူးသည်။  ဂလိုဘယ်လ်လိုက်ဇေးရှင်း ဆိုသောခေတ်ကြီးတွင် နိုင်ငံပေါင်းစုံမှ အတုယူသင့်တာယူပြီး၊ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း မပျောက်ပျက်အောင် တန်ဖိုးထားသောစိတ် ရှိသင့်သည်။

 မြင့်မြင့်တွေး မြင့်မြင့်ကြံ
ကျမစာသင်သော ပေါ်လီတက္ကနစ်တွင် မြန်မာကျောင်းသားများ စာတော်သည်ဟု နာမည်ကြီးသည်။ တချို့က သူတို့နည်းနည်းလေး လုပ်လိုက်တာနဲ့ စင်္ကာပူကျောင်းသားတွေထက် ရတယ်လို့ လက်ခမောင်း ခတ်ချင်ကြသည်။ တကယ်က စင်္ကာပူနိုင်ငံတွင် သူတို့အတန်းထဲမှ ကျောင်းသားမျိုးထက် တော်တာတွေ ရှိသည်။ ဂလိုဘယ်လ်လိုက်ဇေးရှင်းဆိုသော ခေတ်တွင် နိုင်ငံပေါင်းစုံမှ ကိုယ့်လိုလူငယ်များနှင့် စိတ်ဓါတ်၊ အရည်အချင်း စသည်တို့တွင် ယှဉ်ပြိုင်နေရတာဖြစ်သည်။ ကိုယ့်နားက စင်္ကာပူကျောင်းသားလောက်နှင့် မတင်းတိမ်သင့်ကြောင်း ကျမက သူတို့ကို အမြဲသတိပေးလေ့ရှိသည်။

သီရိလင်္ကာ၊ အိန္ဒိယတို့လို့ နိုင်ငံများမှ ပေါ်လီတက္ကနစ် လာတက်ကြသော ကျောင်းသားများကလည်း အတော်ဆုံးစာရင်းဝင် ကျောင်းသားများထဲ ပါဝင်သည်။ အရင်က တရုတ်နိုင်ငံမှ ကျောင်းသားအများစုက အတော်ဆုံးစာရင်း ၀င်ခဲ့ကြသော်လည်း၊ ခုတော့ တခြားနိုင်ငံမှ ကျောင်းသားများကပါ နေရာယူသွားကြသည်။ အမြဲ ယှဉ်ပြိုင်နေရသော ခေတ်တွင် အမြဲ မကြိုးစားလျှင်၊ မြန်မာလူငယ်တို့လည်း နောက်ကောက်ကျသွားနိုင်သည်။

စင်္ကာပူနိုင်ငံကို ကျမအခြေချခါစ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်နှင့်ယှဉ်ရင် သူတို့ လူနေမှုအဆင့်အတန်းက တိုးတက်လာခဲ့သည်။ စင်္ကာပူလူငယ်များအတွက် သူတို့နိုင်ငံသားချင်း ပြိုင်ဆိုင်မှုသာမက၊ စင်္ကာပူနိုင်ငံသို့ လာရောက် ပညာသင်ကြားပြီး၊ အလုပ်ဆက်လုပ်ကြသော အရှေ့တောင်အာရှနိုင်ငံများ၊ သီရိလင်္ကာ၊ တရုတ်နှင့် အိန္ဒိယတို့လို နိုင်ငံများမှ လူငယ်များနှင့်ပါ ပြိုင်ဆိုင်ကြရသည်။ မြန်မာလူငယ်တွေ အတွက်လည်း ခုချိန်မှာ သူများနိုင်ငံမှ လူငယ်တွေကိုမှီအောင် ကြိုးစားနေရသည်။ ကိုယ့်နိုင်ငံ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ၊ တခြားနိုင်ငံမှ လူငယ်တွေ ကိုယ့်နိုင်ငံကို လာကြမည်၊ ထိုအခါ သူတို့တွေထက် တော်နေအောင် ထပ်ကြိုးစားရဦးမည်။

“လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အကြီးဆုံးသူတွေကတော့ အသိဥာဏ်မဲ့တဲ့ လူကြီးတွေပဲ ဖြစ်တယ်” ဟု နယူးယောက်စီးတီး (New York City) တက္ကသိုလ်ရဲ့ ဒဿနပါမောက္ခ ဟာရီ အိုဗာစထရိ (Harry Overstreet) က ကောက်ချက်ချဖူးသည်။ နောင်တနေ့ လူကြီးဖြစ်လာကြမည့် မြန်မာလူငယ်များလည်း သူများနိုင်ငံက လူငယ်တွေကိုကြည့်ပြီး၊ ကိုယ့်ကိုယ်ကိုယ် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ပိုင်းဆိုင်ရာ စသဖြင့် အဖက်ဖက်မှ အစဉ်တိုးတက်နေအောင် ကြိုးစားနေကြဖို့ တိုက်တွန်းလိုက်ပါသည်။

ခင်နှင်းစိုး
၇ မေလ ၂၀၁၂

0 comments for "အနာဂတ် ကျောင်းသားနှင့် လူငယ်များ အတွက်"

Leave a Reply

Advertisement