Latest News

လက်ရှိ အပြောင်းအလဲ ဆိုသည်များနှင့် ပတ်သက်၍ အမြင် – အပိုင်း (၁)

By Unknown-Saturday, May 19, 2012

RAF - မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေ ကိုကြည့်ပြီး ပိတ်ဆို့အရေးယူထား တာတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက လျှော့ပေါ့ပေးလာပါတယ်။ သြစတြေးလျကဆိုရင် လက်နက်ရောင်းဝယ် တာကအပ အားလုံးကိုရုတ်သိမ်းပေး လိုက်သလို ဥရောပ သမဂ္ဂကတော့ တစ်နှစ်ဆိုင်းငံ့ထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကတော့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေမလုပ်ဖို့ ပိတ်ပင်ထား တာတွေကို ပြန်လည်ရုတ်သိမ်းပေး လိုက်သလို လူမှုရေးအဖွဲ့အစည်းတွေနဲ့ အကူအညီတွေ သွားရောက်လုပ်ကိုင် ခွင့်ပြုလိုက်ပါ တယ်။ လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ထိပ်ပိုင်းခေါင်းဆောင် တချို့အကြား အပေးအယူလုပ် ညှိနှိုင်းတဲ့ အဆင့်မှာသာ ရှိနေသေးပြီး တိုင်းပြည်ရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အဆင့် တနည်းအားဖြင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ် ဆောင်တဲ့အဆင့်ကို မရောက်သေးဘူးလို့ သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။ ပိတ်ဆို့အရေးယူမှု (Sanction) တွေ ပြန်လည်ရုတ်သိမ်း လောက်တဲ့အထိ ဒီကနေ့ အပြောင်း အလဲတွေဖြစ်နေပါပြီလား။ ဒီမေးခွန်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးငွေလင်း ကတော့ အခုလိုဖြေပါတယ်။

ဦးငွေလင်း - တကယ့်အပြောင်းအလဲတွေဖြစ်သလား ဆိုလို့ရှိရင် သဏ္ဌာန်အရတော့ တော်တော်ပဲဖြစ်နေတယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲကိစ္စတွေပဲဖြစ်ဖြစ်၊ အကျဉ်းသားလွှတ် တဲ့ကိစ္စတွေ ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာရှိတဲ့ အခြေခံအခွင့်အရေးတွေပေးတဲ့ကိစ္စတွေမှာပဲ ဖြစ်ဖြစ် အထိုက်အလျောက်ကြည့်လို့ကောင်းတဲ့အဆင့်မျိုးတော့ သဏ္ဌာန်အရ ဆောင်ရွက်နေတာ မျိုးတွေ တွေ့ရတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ရဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ အလုပ်သမားတွေကိစ္စ၊ လယ်သမားတွေ ကိစ္စ၊ စီးပွား ရေးလုပ်ငန်းရှင်တွေကိစ္စမှ အစပေါ့ဗျာ အစစမှာ ကျနော်တို့ လက်တွေ့မှာတော့ တကယ်တမ်း ပြည့်ပြည့်၀၀ပြောင်းနေပြီလို့ ကျနော် မမြင်ရဘူး။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာဆိုလည်း KIO နဲ့ တိုက်နေတာ၊ ဌာနချုပ်အထိ ထိုးစစ်ဆင်တော့မယ့်အထိ ပြင်နေတဲ့ ကိစ္စတွေက ငြိမ်းချမ်းရေးအစစ်အမှန်လုပ်ဖို့ စိတ်ကူးစိတ်သန်း ဖြောင့်ဖြောင့်မှန်မှန်မှ ရှိရဲ့လားဆိုတာ သံသယဖြစ်စရာ ဖြစ်နေတယ်။ အဲဒီတော့ အဲဒါတွေကို ခြုံပြီးကြည့်လိုက်လို့ရှိရင် အပြောင်းအလဲဟာ အားလုံး Sanction Lift လုပ်လိုက်ရလောက်အောင် စိတ်တိုင်းကျ စိတ်ချလက်ချဖြစ်သွားပြီလို့ ကျနော့်အနေနဲ့ကတော့ သံသယဖြစ်သေးတယ်။ ဒါပေမယ့် Sanction လုပ်မလား မလုပ် ဘူးလားဆိုတာကတော့ ကာယကံရှင်နိုင်ငံများရဲ့ကိစ္စပဲ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဆုံးဖြတ်နိုင်တဲ့အနေအထား မရှိပါဘူး။

RFA - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်တွင်း ၀င်ရောက်သွားပြီဖြစ်ပါ တယ်။ဒီတော့ ဒီကနေ့ လွှတ်တော်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပြဿနာတွေအပါအ၀င် တိုင်းပြည် ကိစ္စအ၀၀ကို ဆွေးနွေးဖြေရှင်းနိုင်မယ့် နိုင်ငံရေးဆုံရပ်တစ်ခု ဖြစ်လာပါသလား။ ဒီမေးခွန်းကိုတော့ ဦးငွေလင်းက အခုလိုဖြေဆို ပါတယ်။

ဦးငွေလင်း – ဗမာပြည်ရဲ့ ကံကြမ္မာအကုန်လုံးကို ပုံအောပြီးတော့မှ ဖြေရှင်းနိုင်တဲ့အခြေအနေ လွှတ်တော်မှာမရှိဘူးလို့ ကျနော်တို့ တော့မြင်တယ်။ အခုလွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ ဘယ်ဥပဒေကိုပဲကြည့်ကြည့် ကျနော်တို့အတွက် တကယ့်ကိုလုံခြုံတဲ့ ဒီမိုကရေစီ အခင်းအကျင်းတစ်ခုစီကို ပြည့်ပြည့်၀၀အာမခံထားတာမျိုး ကျနော်တော့ မတွေ့သေးဘူး။ လယ်သမားဥပဒေဆိုရင်လည်း လယ်သ မားတွေကို အကာအကွယ်ပေးထားနိုင်တာမျိုးက တော်တော့်ကို နည်းနေသေးတယ်။ အလုပ်သမားဥပဒေဆိုရင်လည်း အလုပ်သ မားကို ကာကွယ်ထားနိုင်တာက တော်တော်နည်းနေသေးတယ်။ အဲဒါတွေကိုပြည့်စုံအောင် ပြဋ္ဌာန်းနိုင်တဲ့အနေအထား လွှတ်တော် မှာ မရှိဘူး။ ပြဋ္ဌာန်းနိုင်တဲ့အဆင့်အထိ ငြင်းကြခုံကြ မဲခွဲကြရမယ်ဆိုရင်လည်းပဲ NLD ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အတိုက်အခံ အင်အားစုတွေလို့ခေါ်တဲ့ပါတီတွေက ဘယ်လိုပဲ ရပ်ခံပြီးတော့မှ ပြောဆိုကြ ပြောဆိုကြ Majority မဲအရဆိုလို့ရှိရင် ရှုံးမြဲရှုံးပြီးတော့မှ ဒီဥပဒေကို ပြင်နိုင်စွမ်းမရှိဘူးဆိုတဲ့ နောက်ဆုံးအဖြေ ကျသွားမှာပဲလို့ ကျနော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲကတော့ ဖြင့်ရင် ဒီကနေ့ ဗမာပြည်ရဲ့ကံကြမ္မာအားလုံးကို ဖြေရှင်းနိုင်တဲ့ဆုံရပ်ကြီးဖြစ်သွားပြီဆိုတာကိုတော့ ကျနော်တို့လက်ခံဖို့ တော်တော် ခဲယဉ်းတယ်။

RFA – ဒီကနေ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ဆောင်လာတဲ့အခါ ဒီအပြောင်းအလဲကနေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာအကျိုးအမြတ်တွေ ဖြစ်ထွန်းလာနိုင်ပါတယ်။ အများပြည်သူအတွက်ကတော့ ယေဘူယျပြောရင် နိုင်ငံရေးအရ ဒီမိုကရေစီ အခွင့်အရေးတွေ ရလာမလားလို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့အပြောင်းအလဲဟာ အများစုပြည်သူတွေအတွက် အကျိုး ဖြစ်ထွန်းနိုင်ပါ့မလား။ ဒါမှမဟုတ် အာဏာနဲ့ ငွေကြေးရှိသူတွေအတွက်ပဲ အကျိုးဖြစ်ထွန်းမလားဆိုတာဟာ မေးစရာဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း အာဏာကိုချုပ်ကိုင်ခဲ့တဲ့ စစ်တပ်နဲ့သူတို့ရဲ့အပေါင်းအပါတွေကတော့ သူတို့ရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုတွေ တရားဝင်ဖြစ်လာပြီး နိုင်ငံတကာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုမိုရလာနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် အခြေခံလူတန်းစားတွေကတော့ အလုပ်အကိုင်ရရှိရေး၊ လုပ်ခလစာတိုးရေး စတဲ့တိုက်ပွဲတွေကို ဆင်နွှဲ လာတာတွေ့ရပါတယ်။ နောက် ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်ရဖို့၊ မလေးရှားမှာ အိမ်ဖော်လုပ်ဖို့ စသည်ဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီကနေ့အပြောင်းအလဲဟာ ဘယ်သူတွေအတွက် ပိုပြီးအကျိုးရှိနိုင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်လို့တော့ ဦးငွေလင်းက အခုလိုပြောဆိုပါတယ်။

ဦးငွေလင်း – ဆိုကြပါစို့ဗျာ။ မြေလွတ်မြေရိုင်းဥပဒေတစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင် အဲဒီကိစ္စ တော်တော်ရှင်းတယ်ဗျ။ အဲဒီ မြေ လွတ်မြေရိုင်းဥပဒေမှာ ငွေကြေးချမ်းသာသူတစ်ယောက်ဟာ ဥယျာဉ်ခြံမြေဧကကို နောက်ဆုံးမှာ ဧကပေါင်း (၅၀၀၀၀) အထိ သူ တင်လို့ရတယ်။ ဆိုတဲ့အခါကျတော့ အဲဒီမှာတကယ်လို့ ပြိုင်ဆိုင်ကြပြီဆိုလို့ရှိရင် သာမန်လယ်သမားနဲ့ ဧက (၅၀၀၀၀) ပိုင်ဆိုင်တဲ့ လယ်သမား ဘယ်လိုပြိုင်မှာလဲပေါ့ဗျာ။ အဲဒီတော့ ဒီအခွင့်အလမ်းက လူဦးရေအများစုကြီးကို တနည်းအားဖြင့် အခြေခံလူတန်းစား တွေကို ပေးတာထက် လူအုပ်စုတစ်စုကိုသာ ပေးထားတဲ့အခွင့်အလမ်းမျိုးဖြစ်နေတာကို တွေ့ရတယ်။

RFA – လက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းအလဲဟာ တရွေ့ရွေ့ပြောင်းလဲမှုဖြစ်စဉ်ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဒီမိုကရေစီကို တဖြည်း ဖြည်းသန့်စင်လာအောင် လုပ်ဆောင်သွားရမယ်ဆိုတဲ့အချက်က အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေမယ့် ဒီကနေ့ပြုပြင်ပြောင်း လဲရေးတွေအတွင်း တရားမျှတမှုအခြေခံ ဘယ်လောက်ရှိတယ် မရှိဘူးဆိုတဲ့အချက်ဟာ နောင်အနာဂတ်မှာဖြစ်ပေါ်လာမယ့် လူမှု ဆက်ဆံရေးပုံစံရဲ့ အဆိုးအကောင်းတွေအပေါ်မှာ များစွာသက်ရောက်မှုရှိမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

0 comments for "လက်ရှိ အပြောင်းအလဲ ဆိုသည်များနှင့် ပတ်သက်၍ အမြင် – အပိုင်း (၁)"

Leave a Reply

Advertisement