Latest News

ဆန်အချောဈေးများ ငြိမ်နေပြီး အကြမ်း တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ ခန့် ကျဆင်း

By Unknown-Wednesday, August 15, 2012

မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ တစ်ဆင့် ပြည်ပသို့ တင်ပို့မှု လျော့ကျ လာခဲ့ သဖြင့် ဆန်ကြမ်း တစ်အိတ် လျှင် ကျပ် ၁၀ဝ၀ ခန့်ကျဆင်းလာကြောင်း ဝါးတန်း ဆိပ်ကမ်း အခြေစိုက် ဆန်စပါး ကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။ 

“အခုမြဝတီကိုမသွားပြန်ဘူး။ အရင်က သွားထားတဲ့ ပမာဏက များသွားလို့နေမှာ။ အခုဆို ဆန်ကွဲပဲ ဝယ်တော့တယ်။ ဆန်ကွဲဈေးကတော့ မကျဘူး”ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့်လက မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ဆန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် စတင်ထွက်ပေါ် စကတည်းက ဈေးနိမ့်နေခဲ့သော ဆန်ကြမ်းဈေးများမြင့်တက်လာခဲ့ပြီး ဆန်ကွဲဈေးနှင့် စပါးဈေးများပါ လိုက်လံမြင့်တက်ခဲ့ကြောင်း၊ ယခုမြဝတီမြို့မှဆန်ဝယ်ယူမှုရပ်တန့်သွားသဖြင့် ဆန်နှင့်စပါးဈေးများ ကျဆင်း လာခဲ့ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။

“အကြမ်းရှယ်ကကျပ်၁၅၀ဝ၀ ဖြစ်တုန်းက စပါးဈေးက ၄ သိန်း ဖြစ်သွားတယ်။ ဆန်ကွဲဈေးကလည်း မြင့်သွားလို့ ဆန်အပြင် ဆန်ကွဲဈေးပါတက်တော့ စပါးဈေးပါ လိုက်တက်တာ”ဟု ၄င်းက ဆိုသည်။ ယခုလက်ရှိ တရုတ်နိုင်ငံသို့ မြန်မာပြည်အောက်ပိုင်းမှ ရာကျော်ငစိန်များနှင့် မြန်မာပြည်အလယ်ပိုင်း မှ ၇၄၇ ဆန်များတင်ပို့နေရပြီး မြဝတီလမ်းမှ ဆန်တင်ပို့မှု ဆက်လက်ရပ်တန့်နေပါက ဆန်ဈေးနှုန်းများ မြင့်တက်မလာနိုင်သေးကြောင်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဆန်ကြမ်းဈေးနှုန်းများသာ လှုပ်ခတ်မှုရှိနေသော်လည်း ဆန်အချောများဈေးနှုန်းငြိမ်နေသည်မှာ နှစ်လခန့် ရှိပြီဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများပြားလာသဖြင့် ရန်ကုန်မြို့တွင် လက်လီရောင်းချသူများမှာ ဆန်အသား(ဆန်မှို)တက်မည်ကို စိုးရိမ်သောကြောင့် လို သလောက်သာ အနည်းငယ်စီဝယ်ယူကြပြီး အရောင်းပါးနေသဖြင့် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံ ဝင်းအတွင်းရှိ ပိတောက်လမ်းမှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ဆိုသည်။ 

“မိုးတွင်းအစိုဓာတ်များတော့ လက်လီဆိုင်တွေက အများကြီးမဝယ်တော့ဘူး။ လိုသလောက်ပဲ ဝယ်ကြ တယ်။ ဒိုင်မှာက လိုချင်တဲ့အချိန် ဝယ်လို့ရတယ်”ဟု၎င်းကဆိုသည်။

ယခုလက်ရှိ အိန္ဒိယနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် အရန်ဆန်ထုတ်ရောင်းမှုကို ရပ်တန့် လိုက်သဖြင့် အာဖရိကဈေးကွက် ပြန်လည်ရရှိလာပြီး ပြည်ပသို့တင်ပို့မှုမြင့်တက်လာပါက ပြည်တွင်း ဆန် ဈေးကွက် အလားအလာကောင်းလာနိုင်ကြောင်း ဆန်စပါးကုန်စည်ဒိုင်မှ ဆန်အရောင်းအဝယ်လုပ်ကိုင်သူ များက သုံးသပ်ပြောကြားသည်။

1 comments for "ဆန်အချောဈေးများ ငြိမ်နေပြီး အကြမ်း တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ ခန့် ကျဆင်း"

  1. ဆိုဒ်လေးက မဆိုးပါ... အားပေးတယ်။ကယန်ဒေသသတင်းအချက်အလက်များဖလှယ်ပေးပါ။kayantimes.blogspot.com,

Leave a Reply

Advertisement